Upcomming Events

Upcoming Events

နေပြည်တော် ဧပြီ 20

2018 ခုနှစ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်း အနားကို(20.4.2018)ရက်နေ့ နံနက်(9)နာရီတွင် မြစ်ကြီးနားမြို့ အမှတ်(3)အခြေခံပညာ အထက်တန်းကျောင်း မဥ္ဖူသကခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကချင်ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ် စာရင်းစစ်ချုပ်၊ ကချင်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှ ဖိတ်ကြားထားသူများ၊ စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ကြသည့် တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသား /သူများ၊ စာသင်သားများ၊ ပညာရေးမိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်၊ ကျောင်းသူလေးများက ‘မနောမြေမှ ဖိတ်ခေါ်သံ’ သီချင်းအကဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဖွင့်အမှာ စကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် 206 ခုနှစ်မှ စတင်ကာ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို နွေရာသီတွင်သာမက တစ်နှစ်ပတ်လုံး ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ယခုလို နွေရာသီကျောင်းပိတ်ရက် ကာလများတွင် စေတနာ ရှင်လုပ်အားပေး တက္ကသိုလ်ကျောင်းသား/သူများဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ကျန်ကာလများတွင် ဒေသခံစေတနာရှင်လုပ်အားပေးများဖြင့် ပူးပေါင်းကာဆောင်ရွက်နေပါကြောင်း၊ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှချန် မထားဘဲ အခြေခံစာတတ်မြောက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များဖြင့်ပူးပေါင်းကာ ကျောင်းမနေခဲ့ဖူးသူများနှင့် ကျောင်းနေအရွယ်လွန်သက်လတ်ပိုင်း၊ သက်ကြီးပိုင်းအရွယ်များ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စဥ်ဆက်ပညာရေးလုပ်ငန်း အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ 2016 ခုနှစ်တွင် ကယားပြည်နယ်လုံးကျွတ်အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၊ 2017 ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း၊ 2017 ခုနှစ်ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ဦး၊ ကျောက်ဖြူ သံတွဲခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ 2017 ခုနှစ်၊ အောက်တိုဘာလတွင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်ခဲ့ပြီး 2018 ခုနှစ် ဇန်နဝါရီလတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ်ခရိုင်တို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ပြီးခဲ့သည့် ကရင်ပြည်နယ်ရှိ သံတောင်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်များတွင် လူငယ်စာသင်သား၊ သက်ကြီးစာသင်သားများသာမက ကိုယ်လက်အင်္ဂါ မသန်စွမ်းသူစာသင်သားများပါ တက်ရောက်သင်ယူလာကြသည်ကိုတွေ့မြင်ရပါကြောင်း၊ ယခင်က ခရိုင်လုံးကျွတ်စာတတ်မြောက်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ 2014 ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာတတ်မြောက်မှုနှုန်း နည်းပါးနေသော မြို့နယ်များကို ဦးစားပေးရွေးချယ် ဆောင်ရွက်နေပါကြောင်း၊ ယခုနှစ် ဧပြီလတွင် စာတတ်မြောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းအနေဖြင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ်၊ ချင်းပြည်နယ်တွင် ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်၊ မွန်ပြည်နယ်တွင် ပေါင်မြို့နယ်နှင့် သထုံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပုလဲမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူမြို့နယ် စသည့်(9)မြို့နယ်တွင် ဧပြီလ(9)ရက်နေ့ ကစတင်ပြီး မေလ(18)ရက်နေ့အထိ ရက်ပေါင်း(40)ကြာ သင်ကြားသင်ယူ ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် စာသင်သား(71)ဦး၊ စာသင်ဝိုင်း(5)ဝိုင်း အား မြစ်ကြီးနားတက္ကသိုလ်မှ ကြီးကြပ်နည်းပြ(11)ဦးဖြင့်လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ် မြို့နယ်တွင် စာသင်သား (196)ဦး၊ စာသင်ဝိုင်း(20)ဝိုင်းအား ပခုက္ကူတက္ကသိုလ်မှ မြစ်ကြီးနားနည်းပြ(42)ဦး ဖြင့်လည်းကောင်း၊ ဖလမ်းမြို့နယ််တွင် စာသင်သား(861)ဦး၊ စာသင်ဝိုင်း (97)ဝိုင်းအား ကလေးတက္ကသိုလ်မှ ကြီးကြပ်နည်းပြ(204)ဦးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် စာသင်သား(357)ဦး၊ စာသင်ဝိုင်း(36)ဝိုင်းအား မုံရွာ တက္ကသိုလ်မှ ကြီးကြပ်နည်းပြ(75)ဦးဖြင့်လည်းကောင်း၊ ပုလဲမြို့နယ်တွင် စာသင်သား(561)ဦး စာသင်ဝိုင်း(55)ဝိုင်းအား မုံရွာတက္ကသိုလ်မှကြီးကြပ်၊ နည်းပြ(115)ဦးဖြင့်လည်းကောင်း၊ မကွေး တိုင်းဒေသကြီး မြိုင်မြို့နယ်တွင် စာသင်သား(293)ဦး၊ စာသင်ဝိုင်း(27)ဝိုင်းအား မကွေးတက္ကသိုလ်မှ ကြီးကြပ်နည်းပြ(57)ဦးဖြင့်လည်းကောင်း၊ ပခုက္ကူမြို့နယ်တွင် စာသင်သား (1191)ဦး၊ စာသင်ဝိုင်း(129)ဝိုင်းအား မကွေးတက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ(253) ဦး ဖြင့် လည်းကောင်း၊ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စာသင်သား(1337)ဦး၊ စာသင်ဝိုင်း(134)ဝိုင်းအား မော်လမြိုင်တက္ကသိုလ်မှကြီးကြပ်၊ နည်းပြ(218)ဦးဖြင့်လည်းကောင်း၊ သထုံမြို့နယ်တွင် စာသင်သား(266)ဦး၊ စာသင်ဝိုင်း(25)ဝိုင်းအား မော်လမြိုင်တက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ(47) ဦးဖြင့် လည်းကောင်း သင်ကြားသင်ယူဆောင်ရွက် နေကြပြီဖြစ်ပါကြောင်း၊ စာတတ်မြောက်မှု နှုန်းမြင့်မားရေးအတွက်ဆောင်ရွက်ကြသော စာတတ်မြောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းသက်ဆိုင်ရာ လုပ်ငန်းကြီးကြပ်မှု ကော်မတီများအလိုက် ဝိုင်းဝန်း ကူညီ ပံ့ပိုး ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ 2018 ခုနှစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့အတွက် အဖက်ဖက်ကကူညီပံ့ပိုးပေး ကြ ပါ သော ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ အခြေခံ စာတတ်မြောက်ရေး ကော်မတီ အဆင့်ဆင့်မှတာဝန်ရှိသူများ အထူးသဖြင့် လုပ်အားဒါနပြုကြသော မြစ်ကြီးနား တက္ကသိုလ်မှ စေတနာရှင်လုပ်အားပေး တက္ကသိုလ်ကျောင်းသား/သူများ၊ ဆရာ/မများ အားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိပါကြောင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် ပညာဒါနပြုကြသည့် တက္ကသိုလ်ကျောင်းသား/သူများအနေဖြင့် မိမိတို့ လုပ်အားပေး သည့် ရက်ပေါင်း(40)အတွင်း စာသင်သားများအား အခြေခံ အရေး၊ အဖတ် အတွက် ကျွမ်းကျင် အောင် စေတနာထားသင်ကြားပေးကြရန် စသည်ဖြင့် အမှာစကား ပြောကြားသည်။ ယင်းနောက် မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသား/သူများက “မနောမြေမှ ကြိုနေမယ်” ကချင် တိုင်းရင်းသားရိုးရာအကဖြင့် ဂုဏ်ပြု ကပြ ဖျော်ဖြေကြသည်။

ထို့နောက် မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသား/သူများက “နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ ပါစေ” ရှမ်းတိုင်းရင်းသားအကဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အခြေခံ စာတတ် မြောက်ရေးအထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။

ထိုမှတဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲနှင့် တာဝန်ရှိသူများသည် မန်ခိန်ရပ်ကွက် စာသင်ဝိုင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေး သင်ကြားသင်ယူနေမှုများကို ကြည့်ရှု အားပေးပြီး စာသင်သားများအား သင်ကြားရေး အထောက် အကူပြု ပစ္စည်းများ ပေးအပ်ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/မများ၊ ပညာရေးမိသားစုများအား တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များပိုမိုတိုးတက်စေရေးအတွက် ဆွေးနွေး မှာကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်(19.4.2018)ရက်နေ့က မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ စာသင်ဝိုင်း၊ ကျွန်းပင်သာရပ်ကွက် စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှု အားပေး၍ စာသင်သားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

kachin3

Comments are closed.