Activities

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနား

နေပြည်တော် ဧပြီ ၂၀

 

၂၀၁၈ ခုနှစ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို(၂၀.၄.၂၀၁၈)ရက်နေ့ နံနက်(၉)နာရီတွင် မြစ်ကြီးနားမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း မဥ္ဖူသကခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကချင်ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ် စာရင်းစစ်ချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ် နှင့်တာဝန်ရှိသူများ၊ ကချင်ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှ ဖိတ်ကြားထားသူများ၊ စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ကြသည့် တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသား/သူများ၊ စာသင်သားများ၊ ပညာရေးမိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့နယ်၊ ကျောင်းသူလေးများက ‘မနောမြေမှ ဖိတ်ခေါ်သံ’ သီချင်းအကဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဖွင့်အမှာ စကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ အခြေခံစာတတ် မြောက်ရေးလုပ်ငန်းများကို နွေရာသီတွင်သာမက တစ်နှစ်ပတ်လုံး ကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ယခုလို နွေရာသီကျောင်းပိတ်ရက် ကာလများတွင် စေတနာ ရှင်လုပ်အားပေး တက္ကသိုလ်ကျောင်းသား/သူများဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ကျန်ကာလများတွင် ဒေသခံစေတနာရှင်လုပ်အားပေးများဖြင့် ပူးပေါင်းကာဆောင်ရွက်နေပါကြောင်း၊ပညာရေးဝန်ကြီး ဌာနအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှချန် မထားဘဲ အခြေခံစာတတ်မြောက်ရေးအတွက် ဆောင်ရွက်နေပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များဖြင့်ပူးပေါင်းကာ ကျောင်းမနေခဲ့ဖူးသူများနှင့် ကျောင်းနေအရွယ်လွန်သက်လတ်ပိုင်း၊ သက်ကြီးပိုင်းအရွယ်များ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စဥ်ဆက်ပညာရေးလုပ်ငန်း အစီအစဥ်များကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ကယားပြည်နယ်လုံးကျွတ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း၊ ၂၀၁၇ ခုနှစ်ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ဦး၊ ကျောက်ဖြူ သံတွဲ ခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်နှင့် မိုင်းဖြတ်ခရိုင်တို့တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်ပြီးခဲ့သည့် ကရင်ပြည်နယ်ရှိ သံတောင်မြို့နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံမြို့နယ်များတွင် လူငယ်စာသင်သား၊ သက်ကြီးစာသင်သားများသာမက ကိုယ်လက်အင်္ဂါ မသန်စွမ်းသူစာသင်သားများပါ တက်ရောက်သင်ယူလာကြသည်ကိုတွေ့မြင်ရပါကြောင်း၊ ယခင်က ခရိုင်လုံးကျွတ်စာတတ်မြောက်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာတတ်မြောက်မှုနှုန်း နည်းပါးနေသော မြို့နယ်များကို ဦးစားပေးရွေးချယ် ဆောင်ရွက်နေပါကြောင်း၊ ယခုနှစ် ဧပြီလတွင် စာတတ်မြောက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းအနေဖြင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား မြို့နယ်၊ ချင်းပြည်နယ်တွင် ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်၊ မွန်ပြည်နယ်တွင် ပေါင်မြို့နယ်နှင့် သထုံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပုလဲမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ပခုက္ကူမြို့နယ် စသည့်(၉)မြို့နယ်တွင် ဧပြီလ(၉)ရက်နေ့ ကစတင်ပြီး မေလ(၁၈)ရက်နေ့အထိ ရက်ပေါင်း(၄၀)ကြာ သင်ကြားသင်ယူ ဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် စာသင်သား(၇၁)ဦး၊ စာသင်ဝိုင်း(၅)ဝိုင်းအား မြစ်ကြီးနားတက္ကသိုလ်မှ ကြီးကြပ်နည်းပြ(၁၁)ဦးဖြင့် လည်းကောင်း၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စာသင်သား (၁၉၆)ဦး၊ စာသင်ဝိုင်း(၂၀)ဝိုင်း အား ပခုက္ကူတက္ကသိုလ်မှ မြစ်ကြီးနားနည်းပြ(၄၂)ဦးဖြင့်လည်းကောင်း၊ ဖလမ်းမြို့နယ််တွင် စာသင်သား(၈၆၁)ဦး၊ စာသင်ဝိုင်း(၉၇)ဝိုင်းအား ကလေးတက္ကသိုလ်မှ ကြီးကြပ်နည်းပြ (၂၀၄)ဦး ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် စာသင်သား(၃၅၇)ဦး၊ စာသင်ဝိုင်း (၃၆)ဝိုင်းအား မုံရွာတက္ကသိုလ်မှ ကြီးကြပ်နည်းပြ(၇၅)ဦးဖြင့်လည်းကောင်း၊ ပုလဲမြို့နယ်တွင် စာသင်သား(၅၁၆)ဦး စာသင်ဝိုင်း(၅၅)ဝိုင်းအား မုံရွာတက္ကသိုလ်မှကြီးကြပ်၊ နည်းပြ(၁၁၅)ဦးဖြင့် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် စာသင်သား(၂၉၃)ဦး၊ စာသင်ဝိုင်း(၂၇)ဝိုင်း အား မကွေးတက္ကသိုလ်မှကြီးကြပ်နည်းပြ(၅၇)ဦးဖြင့်လည်းကောင်း၊ ပခုက္ကူမြို့နယ်တွင်စာသင်သား (၁၁၉၁)ဦး၊ စာသင်ဝိုင်း(၁၂၉)ဝိုင်းအား မကွေးတက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ(၂၅၃) ဦးဖြင့် လည်းကောင်း၊ မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စာသင်သား(၁၃၃၇)ဦး၊ စာသင်ဝိုင်း(၁၃၄)ဝိုင်းအား မော်လမြိုင်တက္ကသိုလ်မှ ကြီးကြပ်၊နည်းပြ(၂၁၈)ဦးဖြင့်လည်းကောင်း၊ သထုံမြို့နယ်တွင် စာသင်သား(၂၆၆)ဦး၊ စာသင်ဝိုင်း(၂၅)ဝိုင်းအား မော်လမြိုင်တက္ကသိုလ်မှ ကြီးကြပ်၊ နည်းပြ(၄၇) ဦးဖြင့်လည်းကောင်း သင်ကြားသင်ယူဆောင်ရွက်နေကြပြီဖြစ်ပါကြောင်း၊ စာတတ်မြောက်မှု နှုန်းမြင့်မားရေးအတွက်ဆောင်ရွက်ကြသော စာတတ်မြောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းသက်ဆိုင်ရာ လုပ်ငန်းကြီးကြပ်မှု ကော်မတီများအလိုက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ၂၀၁၈ ခုနှစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့အတွက် အဖက်ဖက်ကကူညီပံ့ပိုးပေးကြပါ သော ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများ အခြေခံစာတတ်မြောက်ရေး ကော်မတီ အဆင့်ဆင့်မှတာဝန်ရှိသူများ အထူးသဖြင့် လုပ်အားဒါနပြုကြသော မြစ်ကြီးနား တက္ကသိုလ်မှ စေတနာရှင်လုပ်အားပေး တက္ကသိုလ်ကျောင်းသား/သူများ၊ ဆရာ/မများ အားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိပါကြောင်း အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် ပညာဒါနပြုကြသည့် တက္ကသိုလ်ကျောင်းသား/သူများအနေဖြင့် မိမိတို့ လုပ်အားပေးသည့် ရက်ပေါင်း(၄၀)အတွင်း စာသင်သားများအား အခြေခံ အရေး၊ အဖတ် အတွက် ကျွမ်းကျင် အောင် စေတနာထားသင်ကြားပေးကြရန် စသည်ဖြင့် အမှာစကား ပြောကြားသည်။ ယင်းနောက် မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသား/သူများက “မနောမြေမှ ကြိုနေမယ်” ကချင် တိုင်းရင်းသားရိုးရာအကဖြင့် ဂုဏ်ပြုကပြ ဖျော်ဖြေကြသည်။

ထို့နောက် မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသား/သူများက “နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ ပါစေ” ရှမ်းတိုင်းရင်းသားအကဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။ ယင်းနောက် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက တိုင်းရင်းသားရိုးရာ အကအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အခြေခံစာတတ် မြောက်ရေးအထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။

ထိုမှတဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲနှင့် တာဝန်ရှိသူများသည် မန်ခိန်ရပ်ကွက် စာသင်ဝိုင်းသို့ သွားရောက်၍ အခြေခံစာတတ်မြောက်ရေး သင်ကြားသင်ယူနေမှုများကို ကြည့်ရှု အားပေးပြီး စာသင်သားများအား သင်ကြားရေး အထောက် အကူပြု ပစ္စည်းများ ပေးအပ်ကြသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/မများ၊ ပညာရေးမိသားစုများအား တွေ့ဆုံကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များပိုမိုတိုးတက်စေရေးအတွက် ဆွေးနွေး မှာကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်(၁၉.၄.၂၀၁၈)ရက်နေ့က မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ စာသင်ဝိုင်း၊ ကျွန်းပင်သာရပ်ကွက် စာသင်ဝိုင်းများသို့ သွားရောက်ကြည့်ရှု အားပေး၍ စာသင်သားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

kachin2

 

 

 

 

နေပြည်တော် ၂၀၁၈ ဖေဖော်ဝါရီ ၇

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနနှင့် Voluntary Service Overseas (VSO)တို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို၇-၂-၂၀၁၈ရက်နေ့ နံနက်၁၁:၃၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅၂)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏ စွမ်းဆောင်ရည် မြှင့်တင် တည်ဆောက်မှု လုပ်ငန်းဆောင်ရွက်နိုင်ရန် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနနှင့် Voluntary Service Overseas (VSO) တို့အကြား အပြန်အလှန်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် အကျိုးဖြစ်စေမည့် ပညာရေးကဏ္ဍအတွက်ထောက်ပံ့ပေးသော Voluntary Service Overseas (VSO) နှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန တို့အကြား သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးပါဝင်နိုင်သည့် အရည်အသွေး ရှိသော ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဖြစ်ပေါ်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည် ပါကြောင်း၊ ပညာသင်ယူသူများအနေဖြင့် ၎င်းတို့၏ဘဝတစ်သက်တာ သင်ယူမှုနှင့်အလုပ်အကိုင် မျှော်မှန်းချက်များပေါက်မြောက်အောင်မြင်စေရေးအတွက် အရည်အသွေးအာမခံမှုရှိပြီး အသိအမှတ်ပြု ထားသော ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး အစီအစဉ်များဖြင့် သင်ယူတတ်မြောက်လာနိုင်မည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါက်တာခိုင်မြဲ နှင့် Voluntary Service Overseas (VSO- Myanmar)မှ Country Director Ms.Joyce Laker တို့က သဘောတူညီမှုစာချွှန်လွှာ လက်မှတ်ရေးထိုးရခြင်း အကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကြပြီး နားလည်မှုစာချွန်လွှာ တွင် လက်မှတ်ရေးထိုးကြသည်။ ထို့နောက် အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

 

 

VSO2

 

 

Comments are closed.